Skip to main content

တယောက်တဘဝတလောက




(ဝတ္ထုတိုများ)

ရေးသူ။ ။မင်းကျော်

လူ၏ ယုတ်မာမှု၊ ရိုင်းစိုင်းမှု၊ အကြင်နာမဲ့မှု၊ မေတ္တာစိတ် ကရုဏာစိတ် ခေါင်းပါးခန်းခြောက်မှုဖြင့် နိုင်ငံ့ထက်ကလူ ပြုမှုများကို ခါးခါးသီးသီး ဖတ်ရမည်။ လူက လူအပေါ် ထားရှိသော စက်ဆုပ်ဘွယ်၊ ရွံရှာဘွယ်၊ နှလုံးနာဘွယ် အပြုအမူ အဖြစ်အပျက်များကို အဆစ်လိုက်၊ အကန့်လိုက်၊ အပိုင်းလိုက်၊ အခန်းလိုက် ရေးခဲ့သမျှမှ ထုတ်နုတ်ချက်များ။

(ဗျူရိုငှင်းသေးဖြင့် ထူထူထဲထဲ ၃-ကျပ်တန်မရှိရမည်။ အတွင်းတွင် သရုပ်ဖော်ပုံ များစွာ ပါမည်။ သို့ရာတွင် ၂-ကျပ်သာ။)

အပြည်ပြည်ဆိုင်ရာ

ဘောလုံးပွဲများမှတ်တမ်း

ပြုစုသူ။ ။မောင်ရဲဝင်း (ကြေးမုံ)

ဤစာအုပ်တွင် အပိုင်းသုံးပိုင်းပါရှိမည်။ ပထမပိုင်းတွင် မြန်မာနှင့် ကမ္ဘာ့ ဘောလုံးလောက၏ အံ့ဩဘွယ်၊ မယုံကြည်နိုင်ဘွယ်၊ စိတ်ဝင်စားဘွယ်နှင့်မြုပ်နေသော အထွေထွေအဖြစ်အပျက်များ။ ဒုတိယပိုင်းတွင် တိုင်းနှင့်ပြည်နယ် ဘောလုံးပွဲများ၏ ရာဇဝင်နှင့် ဝေဖန်ချက်၊ သုံးသပ်ချက်မှတ်တမ်း။ တတိယပိုင်းမှာကား ဘောလုံးပညာနှင့်စပ်လျဉ်း၍ မြန်မာနည်းပြဆရာများနှင့် မြန်မာနိုင်ငံမှ နာမည်ကျော် ယခင်ဘောလုံးဂန္ထဝင်နည်းပြဆရာတို့၏ပညာ။

တော်လှန်ရေးသမား

မြန်မာပြန်။ ။တင်ထွေး

(INQUILAB by K. A. Abbas)

မိမိတို့၏ အသက်ကို မိမိတို့ပင်လျှင် ပြန်လည် စတေးလျက် တော်လှန်ရေး လက်နက် အားဖြင့် နိုင်ငံပြုပြင်ပြောင်းလဲရေးကို ဖန်တီးယူခဲ့သော အိမ်နီးချင်းနိုင်ငံတနိုင်ငံ၏ တကယ့်ကြောက်ဘွယ် တော်လှန်ရေးဖြစ်ရပ် မှတ်တမ်းတင် ဝတ္ထုကြီးတပုဒ်။

တော်လှန်ရေး၏လမ်းကြောင်း၊ တော်လှန်ရေး၏သရုပ်၊ တော်လှန်ရေး၏ အသွင် ပြည်သူတို့ရပ်တည်ရမည့်အပိုင်းတို့ကို ကြက်သီးတဖိန်းဖိန်းဖြင့် ဖတ်ရမည်။

(တအုပ် ၃-ကျပ်။ )

အတွေ့အကြုံနှင့် အတွေးအမြင်

(ကဗျာများ)

ရေးသူ။ ။ထီလာစစ်သူ

အနီးနှင့်အဝေး၊ အဖြူနှင့်အနက်၊ အနုနှင့်အရင့်။ ယင်းတို့ဖြင့် ဒွန်တွဲနေသည့် လူ့ဘဝနှင့်၊ ထိုဘဝမှရသော အတွေ့အကြုံ။ ထိုအတွေ့အကြုံပေါ်တွင် အခြေခံသည့် အတွေးအမြင်။ ယင်းတို့ကို ရွှေရွှေ ငွေငွေ ပြာပြာ စိမ်းစိမ်း နီနီ ညိုညို စသည်စာရောင်စုံဖြင့် စာအလှခြယ်သမှုကို သန့်သန့်ကလေး ရိုက်ထားသည့် ပုဂံ၏ ပဲ့ဦးစာအုပ်တပုဒ်။

‘စာအုပ်စင်တွင်ရှိရမည့် စာ ၃ အုပ်’

မင်းကျော်၏

ပုဂံသား

စစ်ကို ဆန့်ကျင်၍ ငြိမ်းချမ်းရေးကို တောင်းဆိုသည်။ ညီညွတ်ရေးနှင့် အင်အား၏သရုပ်ကို ဖော်ပြသည်။ နိုင်ငံတခု ပျက်စီးခြင်း၏ အဓိကလက္ခဏာနှင့်၊ နိုင်ငံတခုအတွင်းသို့ နယ်ချဲ့ဝင်ရောက်လာနိုင်ခြင်း၊ ပြင်ပစစ် ဝင်ရောက်လာနိုင်ခြင်းတို့၏အဓိကဖြစ်သော ပြည်တွင်းသစ္စာဖောက်ကို လက်ညှိုးထိုးပြသည်။ ကိုလိုနီခေတ်ဗြိတိသျှရာဇဝင်ဆရာကြီးတို့၏ မြန်မာ့ ဂုဏ်သိမ်ကိုညှိုးနွမ်းစေသော ရာဇဝင်များနှင့်လမ်းခွဲခဲ့သည်။ (တအုပ်-၃ ကျပ်)

ဦးဘခိုင်၏

မြန်မာပြည် နိုင်ငံရေး ရာဇဝင်

ကျောင်းသား၊ နိုင်ငံရေးသမားနှင့် သုတေသီတို့တွင် မရှိမဖြစ်။ ၎င်းတို့ မလေ့လာ၍မဖြစ်သော ကျမ်းတစောင်ဖြစ်သည်။ မြန်မာပြည်ကို အင်္ဂလိပ်စိုးမိုးသည်မှအစပြုသော မြန်မာပြည် နိုင်ငံရေးသက်တမ်းတလျှောက် အစဉ်တစိုက်ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှုများ။ (တအုပ်-၃ ကျပ်)

ကံ့ကော်မြိုင်စာတန်း

မြန်မာ စာပေလောက၏ သမိုင်းကျ စာရေးထုံး နေရာတွင် အစားဝင်မည့် စာတန်းဖြစ်သည်။ စာစီစာကုံးဟုလည်း ခေါ်နိုင်သည်။ ဆောင်းပါးဟုလည်းခေါ်နိုင်သည်။ အစမ်းစာဟုလည်းခေါ်နိုင်သည်။ သို့ရာတွင် ယင်းတို့ထက်ပိုမိုလေးနက်ပြည့်ဝသော သဘောပါသည်။ ရသပါသည်။ ရေးသူများကား ဇော်ဂျီ၊ မင်းသုဝဏ်၊ နွယ်စိုး၊ တိုက်စိုး၊ မင်းယုဝေ၊ အောင်သင်း၊ တက္ကသိုလ်ဝင်းမွန်၊ မောင်ဇေယျ၊ တင်မိုး၊ မောင်ဗေဒါန်း စသော ရန်ကုန်တက္ကသိုလ်မှ ရသစာပေပြုဆရာ၊ စာရေးဆရာ၊ နည်းပြဆရာများ။

အမေ

(ဂေါ်ကီ၏ ကမ္ဘာကျော်ဝတ္ထု)

မြန်မာပြန်သူ။ ။ဂုဏ်ရောင်

ကမ္ဘာ့အလုပ်သမားထုကို ကိုယ်စားပြုသည့် ကမ္ဘာကျော် ဝတ္ထုကြီး ဖြစ်သည်။ ယခင်က ပထမ တွဲတည်းသာ မြန်မာပြန်ခဲ့ဖူးသည်။ ယခုဒုတိယတွဲကို ဆက်လက် ပြန်ဆိုလျက် စ-ဆုံး ၂ တွဲကို တတွဲတည်း ပေါင်းစည်းထုတ်ဝေမည်။ ၆၅-မေဒေးတွင်ထွက်မည်။ (၅ ကျပ်။)

လူ့သမိုင်း

ပြုစုသူ။ ။ကျော်အောင်

ယေဘုယျအားဖြင့် လူ့ပြစ်ပုံ၊ မြေနှင့်ယာနှင့် နေတတ်လာပုံ၊ နေထိုင်စားသောက် ဝတ်ဆင်မှု တိုးတက်လာပုံ၊ လောဘ၊ ဒေါသ၊ မောဟတို့ လွှမ်းကဲလာပုံ၊ အုပ်စိုးသူလူတန်းစား ပေါ်လာပုံ၊ မကျေနပ်မှုများဖြင့် အပြိုင်အဆိုင်များပေါ်လာပုံ၊ အာကာသလူ့နယ်ချဲ့မှုများပေါ်လာပုံ၊ စစ်မက်ခင်းကျင်းကြပုံများဖြင့် လူ့သမိုင်း၊ လူ့ဖြစ်စဉ်ကိုစိတ်ဝင်စားဘွယ်ဖတ်ရလေ့လာရမှတ်ရမည်။ (၄-ကျပ်)

စာညွန့်ပေါင်း

စာရေးဆရာစုံတို့၏လက်ရာများ။ ။

၁၃၂၅-ခု နတ်တော်လဆန်း ၁ ရက် စာဆိုတော်နေ့ကျရောက်စဉ် ကာလက ထုတ်ဝေရန် ဖြစ်သည့် စာရေးဆရာသမဂ္ဂ၏ ‘စာပေမဂ္ဂဇင်း’ အတွက် ရွေးချယ်ထားသော စာရေးဆရာပေါင်းစုံ၏ လက်ရာကောင်းလက်ရာသန့်များကို စုပေါင်းထားသည်။ စာပေခေတ်၏မှတ်တိုင်တတိုင်ကိုလိုစသည်မျိုးတွေ့ရမည်။ (၂-ကျပ်)

မှတ်ချက်

၁၉၆၅ ခုနှစ်က ပုဂံစာအုပ်တိုက်ကနေထုတ်ဝေမဲ့ စာအုပ်တွေကို ကြော်ငြာအဖြစ် ရိုက်နှိပ်ထားတာ ဖြစ်ပါတယ်။

ပုဂံတိုက်အပါအဝင် ပုံနှိပ်တိုက်တွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေ၊ ကျောင်းသုံးစာအုပ်တွေ အကုန် စာလုံးပေါင်းသတ်ပုံ မှန်တယ်။ ဈေးလည်း ချိုတယ်။

တအုပ် ၂ ကျပ်

တအုပ် ၃ ကျပ်

ကျပ်ငွေတန်ဖိုးကျတာနဲ့ မြန်မာစာတန်ဖိုးကျတာ ဆက်စပ်နေပါတယ်။

တိုင်းပြည်အဆင့်ကျတာနဲ့ လူတွေ ပညာသုတ၊ အတွေးအမြင်ကျတာလည်း ဆက်စပ်နေပါတာယ်။

ပညာသုတ မှန်လာမှသာ လူတွေရော တိုင်းပြည်ပါ တိုးတက်မယ်။

ဒေါက်တာတင့်ဆွေ

Comments