တင်ထားတဲ့စာတခု = အကြွေးအကျန်သုပ်လေးနဲ့ထမင်းစားတော့မယ်
မှတ်ချက်
အကြွင်းအကျန် လို့ ရေးရသည်။
အကြွေးဆိုတာ ပေးစရာ + ရစရာ။
အကျွေးဆိုတာ အကျွေးအမွေး (အစားအသောက်)။
တင်ထားသူက တိုင်းရင်းသူ ထင်ပါတယ်။
ရွှေမြန်မာတွေလည်း မှားကြတယ်။
လူဦးရေ ပိုများသူက ပိုမှားတယ်။
ကြွင်း – ကြိ / ကျွင်း / ၁။ ကျန်သည်။ “အညွန့်အရွက် အခွံအပွေးသည်သာ ကြွင်း၏။” ဂီဟိ။ ၁၁၇။ “သာသည်ညင်းညင်း၊ မြောက်လေကြွင်းနှင့်၊ ဆီးနှင်းမကုန်။” ဂါထာ * ၁၂။ ၂။ ဂဏန်းတွက်ရာတွင် စား၍မပြတ် ကျန်သည်။ “တခု ကြွင်းထား၍။” ကိုးဖြာ၊ ပ။ ၁၀။ “သက်လေးနှစ် ကြွင်း၊ နှစ်ဆယ်တွင်းတွင်။” ဗျို့၊ * ၂၁။
ကြွင်းကျန် – ကြိ / ကျွင်းကျန် / ၁။ လစ်လပ်သည်။ လစ်ဟင်းသည်။ လိုနေသည်။ “မကြွင်းမကျန် ပြန်မည်လျှောက်မည်။” ကုသ * ၃၈၀။ ၂။ တည်နေရစ်သည်။ ပါမသွား၊ ကုန်မသွား။ “ကံစကား၊ ကြွင်းကျန် သေးသည်နှင့် သေဘေးလွတ်၍။” ပဒု။ ၁၈။
ကြွေး¹ – န / ကျွေး / ၁။ နောင်မှ ပြန်ပေးမည်ဟူသော ကတိနှင့် ချေးယူထားသောငွေ၊ ပစ္စည်း စသည်။ မြီ။ “ရသောကြွေးကို၊ ချေးချေးငှားငှား။” ဘူလင်* ၃၁၈။ ၂။ ဝယ်ယူသော ပစ္စည်းအတွက် မပေးရသေးသော တန်ဖိုး။ ၃။ တဦးတယောက်က ပြုထားသော ကျေးဇူး။ “ကျေးဇူးကြွေးကို ဆပ်နိုင်မှလည်း။” စာဏကျ၊ ပ။ ၁၁၂။ ၄။ မပြီးမပြတ်သေးသော လုပ်ငန်းတာဝန်။
ကြွေး² – ကြိ / ကျွေး / အော်ဟစ်သည်။ အော်မြည်သည်။ အသံကျယ်စွာ ပြုသည်။ သီဆိုကျူးရင့်သည်။ “တွတ်တွတ်သံလေး၊ ဘိုးခေါင်ကြွေး၍။” မင်းရှင်။ ၁၄။
ကြွေးကြော် – ကြိ / ကျွေးကျော် / အော်ဟစ်သည်။ ဆူညံသည်။ “သေအိုးကို ဝယ်ကုန်လော့ဟု ကြွေးကြော်၏။” ကိပုံ။ ၁၇၂။
ကြွေးကြော်သံ – န / ကျွေးကျော်သုန် / ၁။ ဆူညံစွာ အော်ဟစ်သောသံ။ ၂။ ချီတက်ပွဲ၊ ဆန္ဒပြပွဲ စသည်တို့တွင် တဦးက တိုင်ပေးပြီး အများကဝိုင်း၍အော်သော အသံ။
ကြွေးချ – ကြိ / ကျွေးချ?/ ၁။ ငွေကို အတိုးယူ၍ ထုတ်ချေးသည်။ မြီချသည်။ ၂။ ကုန်ပစ္စည်းကို အကြွေးရောင်းသည်။
ကြွေးဆပ် – ကြိ / ကျွေးဆတ် / ၁။ ချေးယူထားသောငွေ၊ပစ္စည်း စသည်ကို ပြန်ပေးသည်။ ၂။ ဝယ်ယူထားသောပစ္စည်းအတွက် မပေးရသေးသော တန်ဖိုးကို ပေးသည်။
ကျွေး¹ – န / ကျွေး / ဥစား နွယ်ပင်ကြီးတမျိုး။ “အုပ်မွှန်း ကျွေးဥ၊ ဝက်မြေဥများနှင့်။” ရာမ၊ ပ။ ၁၀၀။
ကျွေး² – ကြိ / ကျွေး / ၁။ အစာပေး၍ စားစေသည်။ ၂။ အဂ္ဂိရတ် ထိုးရာတွင် ထပ်လောင်း ရောနှော ထည့်သွင်းသည်။ “ငွေတဆယ်တွင် ခဲလေးဆယ် စပ်ခါ ကျွေး။” စကား။ ၁၅၄။
ကျွေးတုံ့ကျွေးလှည့် – န / ကျွေးဒုန့်ကျွေးလှဲ့ / အတုံ့အပြန်အားဖြင့် ကျွေးမွေးပြုစုခြင်း။
ကျွေးမွေး – ကြိ / ကျွေးမွေး / ၁။ အစားအစာပေး၍ စားစေသည်။ ၂။ စားဝတ်နေရေးအတွက် ကြည့်ရှုစောင့်ရှောက်သည်။
ကြွေး(အသံမြည်)
ကြွေးကြော်
ကြွေးဆပ်
ကြွေးဆယ်မြီချ
ကြွေးမြီချ
ကြွေးရင့်
ကျွေးတုံ့ကျွေးလှည့်
ကျွေးမွေး
ကျွေးဥ(ကျွေးပင် )
ဒေါက်တာတင့်ဆွေ



Comments
Post a Comment