ပိုးစာရွက်ချက် ညစာမှာပါသည်။ မြန်မာပြည်မျာတုန်းကတော့ မကြားဘူး၊ မစားဘူးပါ။ မြင်တောင် မမြင်ဘူးခုဲပါ။
နိုင်ငံကြောင့် တိုင်းပြည်ကနေ ထွက်ပြေးရတော့ တဖက်နိုင်ငံ၊ မီဇိုရမ်မှာ တနှစ်တိတိနေရသည်။ ပဌမ ၆ လမှာ အတော်ခက်ခဲကြပါသည်။ ကျောင်းသားတွေလည်း ခက်ကြသည်။
မြို့စွန်နေရာတခုမှာ အိမ်ငှားနဲ့နေရသည်။ မီးဖိုလိုတဲတလုံးလည်းရှိသည်။
ဘေးနားမှာ ပိုးစာခြံတဲ့။ အခုမှသာ မြင်ဘူးတော့သည်။
အသီးလေးတွေမှည့်ရင် စားရသတဲ့။ ချိုပါသည်။ သူများခြံဖြစ်တော့ ရဲရဲ မခူးရဲကြပါ။
အရွက်နုနုလည်း စားရသတဲ့။ ဘယ်လို ဘာနဲ့ချက်မည်နည်း။ ငပိဝယ်စရာ တခါတခါမှာသာ ပိုက်ဆံရှိသည်။
ရှိတာနဲ့ ဖြစ်သလို ချက်စားကြသည်။ မြို့နယ်ဆရာဝန်အတွက် သူ့ထက်ကောင်းတာ မရှိပါ။
ရေကိုလည်း ပိုးစာခြံဖြတ်ပြီး အောက်ထဲထိ ဆင်းကြရသည်။ အတော်တော့ လှမ်းပါသည်။ အပြန်မှာ ရေပုံးသယ်ရသည်။
ကျွန်တော်က ပိုးစာပင်နဲ့ ရေစက်ဆုံလှပါသည်။ ယူအက်စ်ကို ရောက်စ နေရတဲ့ အိမ်ခန်း ခြံစည်းရိုးမှာ ပိုးစာပင်တွေပေါသည်။
ရေဒီယိုတွေကနေ အင်တာဗျူးလာရင် ပိုးစာပင်ခြံစည်းရိုးနားကနေ ဖြေရလေ့ရှိသည်။
အိမ်ရှေ့ကလမ်းအမည်ကလည်း ပိုးစာပင်လမ်းသွယ်တဲ့။
ဒီနေ့ညစာမှာ ပိုးစာရွက်နုနု သမီးက ချက်သည်။
အညာဟင်းချက်နည်းဆိုတာ ဘယ်ဟင်းရွက်ဖြစ်ဖြစ် လေးလေး စပ်စပ် အရည်နဲ့ ချက်ပါသည်။
ကောင်းသည်။ တပန်းကန် ကုန်ရော။
တွဲစားတာက ဒန်ပေါက်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment