(၁)
"တောင် တောင် ညောင် ညောင် ဟိုး" ငါးရက်တခါစျေးနေ့ တောင်ကြီး တောင်နီ ရွေညောင် ညောင်ရွေ ဟဲဟိုး
(၂)
ဘုန်းကြီးကန်ရွာ နှင့်တူ ငါးရက်တစျေး မင်းရွာ၊ မွေ့တုံ၊ ရွှေလောင်း၊ကုန်းကြီး၊ လက်ပံအေး၊ ဇီးပဏီ ရွာများ ကုန်စိမ်းလာရောင်း
(၃)
ပန်းရွာ ငါးရက်တဈေး တခေါက် ရောက်ဖူးတယ်။
ကျွန်တော်တို့ငယ်ငယ် ပုလဲနယ်မှာတော့ ငါးရက်တဈေး။ တခါတရွာ အလှည့်ကျ။ မင်းရွာမှာမရှိလို့ အနီးဆုံးပန်းရွာ သွားရောင်းကြရ ဝယ်ကြရတယ်။
ခြေလျှင်နဲ့သွားသွား လှည်းနဲ့သွားသွား လမ်းမှာ (တစ်)မနေပါ။
(၄)
ကျွန်တော့ဇာတိ ပုလဲမြို့နယ် မင်းရွာမှတောာ့ ရွာအနီးအနားက ငါးရက်တဈေး ခင်းတဲ့ဆီ သွားပြီး ကိုယ်လိုချင်တာဝယ်၊ ကိုယ်စိုက်ပျိုးထားတာတွေ သွားရောင်းရပါတယ်။
ရွာမှာဈေးမရှိ၊ အိမ်ဆိုင်လည်းမရှိ၊ ခေါင်းရွက်သည့်အသယ်၊ ဈေးလည်ရောင်းသူအလာစောင့်ကြရ၏။
ခြံထွက်တဲ့ ကွမ်းရွက်၊ အခင်းထွက် အရွက်အသီး၊ ဝက်မလွတ်ငှက်ပျောသီး၊ ဖီးကြမ်းငှက်ပျောသီး၊ မနီးမဝေး ငါးရက်တဈေး၊ ဈေးလှည့်ရောင်းရ၊ ဈေးလှည့်ဝယ်ရ၏။
ကြီးလာတတော့လည်း စာကိုမှန်အောင်ရေးတဲ့ ဆိုင်တွေကနေသာ ဈေးဝယ်တယ်။ တစ်နေတဲ့ဈေးမှာ မဝယ်ပါ။ နိမိတ် မရှိလို့။
(၅)
အခုတော့ တမျိုး၊ မှန်အောင်မရေးတတ်သူတွေ ရှိလာပြီ။
ကလောမြို့ လေး ရောက်တဲ့အခါ ငါးရက်"တစ်" ဈေး ဈေးနေ့ ဆို အသီးအနှံတွေကလဲ လတ်ဆတ်လို့ ဝယ်ချင်စရာတွေကြီး ပါဘဲနော် တဲ့။
အဖြောင့်လမ်းကို သဘောမကျကြတော့ဘူးတဲ့။
စားရင်လည်း မျိုချရ ခက်မှတဲ့။
စာကို မှန်အောင်မရေးတတ်ကြတော့တဲ့ခေတ်မှာ
ဈေးတွေ မီးရှို့ခံရတယ်။
ရွာတွေ မီးရှို့ခံရတယ်။
ပုံ ငါးရက်တဈေး တောင်နီစျေး ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment