Skip to main content

ကုန်သည် နှစ်ဦးတို့ အကြောင်း

၁။ ။ရှေးသရောအခါ၊ မိတ်ဆွေနှစ်ဦးတို့သည် ကုန်ဝယ်ရန် အတူတိုင်ပင်၍ ခြေကျင်ခရီး သွားကြရာ မိုးချုပ်၍ အချိန်ကုန်သဖြင့် တည်းခိုရန် ဘုန်းတော်ကြီးကျောင်း တကျောင်းသို့ ဝင်ရောက်ကြလေ၏။

၂။ ။ထိုအခါ ဘုန်းတော်ကြီးက ဒါယကာတို့ မည်သည့် ကိစ္စဖြင့် လာရောက်ကြသနည်းဟု မေးမြန်းသဖြင့်၊ တပည့်တော်တို့မှာ၊ တဦးက စပါးကုန်သည်၊ တဦးက သားရေကုန်သည် ဖြစ်၍၊ မိမိတို့ ရောင်းချဘို့ ကုန်များကို ဝယ်ယူရန် လာခဲ့ကြရာ၊ အချိန် မရှိပြီ ဖြစ်သောကြောင့် တညမျှ တည်းခိုရန် အရှင်ဘုရားကျောင်းသို့ ဝင်ရောက်ကြရပါကြောင်းကို လျှောက်ထားလေ၏။

၃။ ။ဘုန်းတော်ကြီးက တပည့် ကျောင်းသားများကို ခေါပြီးလျှင်၊ ဤဒါယကာ နှစ်ယောက်တွင် စပါးကုန်သည်အား အိပ်ရန်နေရာ ဖျာသင်ဖြူးစသော အိပ်ရာ နေရာ ကောင်းများကို ပေး၍၊ သားရေကုန် သည်ကိုကား တစုံတရာ မပေးဘဲ ကြမ်းပေါ်တွင်သာ အိပ်ပါစေဟု အမိန့်ပေးလိုက်လေ၏။

၄။ ။ကုန်သည်နှစ်ယေက်တို့လည်း ဘုန်းကြီး အမိန့်ပေးတိုင်းပင် အိပ်ကြရ၍၊ နံနက်လင်းသောအခါ လိုရာ အရပ်အသို့ သွားရောက်ပြီးလျှင်၊ အသီးအသီး အလိုရှိသော ကုန်များကို ပြည့်စုံအောင် ဝယ်ခြမ်း၍ ပြန်လာကြလေ၏။

၅။ ။အပြန်တွင်လည်း ယခင် ဘုန်းတော်ကြီး ကျောင်း အနီးသို့ ရောက်လျှင်၊ မိုးချုပ်သောကြောင့်၊ ၎င်းကျောင်းတွင်ပင် တည်းခိုရန် စပါးကုန်သည်က ပြော၏။ သားရေကုန်သည်က ဤဘုန်းကြီးသည် စပါးကုန်သည်ကိုသာ နှစ်သက်၍ သားရေကုန်သည် ကို မုန်းသည်။ သို့ဖြစ်၍ ငါမလိုက်လိုဟု ငြင်းပယ် သော်လည်း၊ စပါးကုန်သည်က အတင်းဆွဲသဖြင့် လိုက်ပါဝင်ရောက်ရလေ၏

၆။ ။ထိုအခါ ဘုန်းတော်ကြီးက ဒါယကာတို့ အလိုရှိသော ကုန်များ ပြည့်စုံခဲ့ကြပြီလောဟု မေးရာ၊ ပြည့်စုံခဲ့ကြကြောင်းကို လျှောက်သောအခါ၊ တပည့် ကျောင်းသားများကို ခေါ်၍ သားရေကုန်သည်အားအိပ်ရာ နေရာကောင်းပေး၍၊ စပါးကုန်သည်ကို တစုံတရာ မပေးဘဲ ကြမ်းပေါ်မှာ အိပ်ပါစေဟု အမိန့်ပေးပြန်လေ၏။

၇။ ။ကုန်သည်နှစ်ယောက်တို့လည်း ဘုန်းကြီးအမိန့်ပေးပုံကို အံ့အားသင့်ကာ၊ အကြောင်းကို သိသာရန် လျှောက်ထားကြလေ၏။ ထိုအခါ ဘုန်းကြီးက၊ ဒါယကာတို့သည် ကုန်ကို ဝယ်ရန် လာကြစဉ်မှာ၊ စပါးကုန်သည်က မိမိ ဝယ်လိုသည့် စပါးများ ဈေး ကျပါစေ ပေါပါစေဟု ဆုတောင်းမည် ဖြစ်၍၊ သတ္တ ဝါများ အစားအစာ ပေါများပါစေဟု ဆုတောင်း သည်နှင့် တူသောကြောင့် စိတ်တား ကောင်းမွန်လေသည်။ သားရေကုန်သည်က သားရေများ ဈေးကျ ပေါများစေဟု ဆုတောင်းမည် ဖြစ်၍၊ ကျွဲ နွား သတ္တ ဝါအများ သေပါစေဟု ဆုတောင်းသည်နှင့် တူသော ကြောင့် စိတ်ထား ယုတ်ညံ့လေသည်။ သို့ဖြစ်၍ ကုန်ဝယ် သွားကြစဉ် အခါက စိတ်ထား ကောင်းမွန်သော စပါးကုန်သည်ကို ငါအိပ်ရာ နေရာကောင်း ပေးစေသည်။

၈။ ။အလိုရှိသော ကုန်များ ဝယ်ခြမ်းပြည့်စုံ၍ ပြန်လာကြသော အခါမှာကား၊ မိမိတို့ ကုန်များကို အဖိုးကြီးမြင့်စွာနှင့် ရောင်းချရန်၊ စပါးကုန်သည်က စပါးရှားပါစေဟု ဆုတောင်းမည်ဖြစ်၍၊ သတ္တဝါတို့ အစားအစာ ရှားပါးပါစေဟု ဆုတောင်းသည်နှင့် တူသောကြောင့် စိတ်ထား ယုတ်ညံ့လေသည်။ သား ရေကုန်သည်က သားရေ ရှားပါးပါစေဟု ဆုတောင်းမည် ဖြစ်၍၊ ကျွဲ နွား အသေနည်းပါးပါစေဟု ဆု တောင်းသည်နှင့် တူသောကြောင့် စိတ်ထား ကောင်း မွန်လေသည်။ သို့ဖြစ်၍ စိတ်ထား ကောင်းမွန်သော သားရေကုန်သည်ကိုသာ အိပ်ရာ နေရာကောင်း ပေးစေသည်ဟု အမိန့်ရှိလေ၏။

(စတုတ္ထတန်း မြန်မာဖတ်စာ။ ဒေါင်းတံဆိပ်။)

#ရှေးစာကဗျာများ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ