Skip to main content

သီလဆောက်တည် ဥပုသ်စောင့်သည်

 

ပုံထဲကစာ = သီလ စောင့်တည်ပါ၏

သီလဆောက်တည်ပါ၏လို့ ရေးရမည်။

သီလ - န / သီလာ့ / စောင့်ထိန်းဆောက်တည်အပ်သော ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော ကျင့်ဝတ်။ ကိုယ်ကျင့်သိက္ခာ။

သီလကောင်း - ကြီ / သီလာ့ကောင်း / အတိတ် ကာလ

က ပြုလုပ်ခဲ့သော အကျင့်ကို စောင့်ထိန်း ဆောက်တည်ခဲ့ဖူးသဖြင့် ပစ္စုပ္ပန်တွင် ယင်းဆောက်တည်မှု၏ အကျိုးဆက် (အသက်ရှည်ခြင်း) ကို ခံစားရသည်။

သီလကြောင် - န / သီလဂျောင် / အကျင့်သိက္ခာ မရှိဘဲ ပေါ့ပျက်လျက် ရှိဟန်ဆောင်သူ။

သီလခံ - ကြီ / သီလာခန် / ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ စသည်တို့ကို စောင့်ထိန်းပါမည်ဟု ဝန်ခံသည် (ရုပ်ပွားတော်ရှေ့၌လည်းကောင်း၊ ရဟန်းတပါးပါးထံမှလည်းကောင်း ခံယူလေ့ရှိသည်)။

သီလစောင့် - ကြီ / သီလာ့စောင့် / ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ စသည်တို့ကို ဆောက်တည်သည်။

သီလစမ်း - ကြီ / သီလာစန်း / အကျင့်သိက္ခာမြဲမြံမှု စူးစမ်းသည်။

သီလတောင်း - ကြီ / သီလာ့တောင်း / ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ စသည်တို့ကို ဆောက်တည်လို၍ ရဟန်းတပါးပါးထံ အားတောင်းပန်သည်။

သီလပေး - ကြီ / သီလာ့ပေး / ရဟန်းတော် တပါးပါးက ငါးပါးသီလ၊ ရှစ်ပါး

သီလ၊ ဆယ်ပါးသီလ စသည်တို့ကို လိုက်၍ ရွတ်ဆိုရန် ချပေးသည်။

သီလယူ - ကြီ / သီလာ့ယူ / သီလဆောက်တည်မည့်သူက ရဟန်းတပါးပါး သီလပေးသည်ကို

လိုက်၍ရွတ်ဆိုခံယူသည်။

စောင့် - ကြုံ / စောင့် /

၁၊ မျှော်လင့် ငံ့ဆိုင်းသည်။ “ချုံရိပ်ကောင်းက၊ တစောင်းကွယ်စောင့်၊ အလာစောင့်လျှက်။” ပျို။* ၂၃၄။

၂၊ တဦးတယောက်ကို အုပ်ထိန်းသည်။ “မာတုကိမိတ၊ အမိစောင့်သော အပျိုမိန်းမ။” ဓမ္မပူ။ ၁၀၀။

၃၊ သိမ်းချုပ်သည်။ ချုပ်တည်းသည်။ “နှုတ်ကို မ စောင့် မ ၍…..ဆိုသည်ကား ငါ့ကိုယ်ကိုပင် သတ်သည်မည်သည်။” ကိံပု။ ၃၉။

၄၊ ကာကွယ်ထိန်းသိမ်းသည်။ “အသက်ကို ပညာ စောင့်သည်။” သက်စောင့်။

၅၊ ကျေးဇူးသစ္စာကို ရှိသော လေးစားသည်။ “နရပတိစည်သူ ကိုလည်း စောင့်လှပေသည် ဟူ၍ ချီးမွမ်းတော်မူပြီးလျှင်….ဆုပေးတော်မူသည်။” ကုလာ။ ဒု။ ၃၇၂။

စောင့်ကြပ် - ကြုံ / စောင့်ကျွတ် / စောင့်ကျွတ် / ကြည်ရှု ထိန်းသိမ်း ကာကွယ်သည်။ “အိပ်သော်လည်း မရှိသမျှကို ဥပဒ် မဖြစ်စေအောင် စောင့်ကြပ် နေခြင်း။” နူ။ ၃၃၃။

စောင့်စား - ကြုံ / စောင့်စား / စောင့် - ကြုံ၊ ၁၊ နှင့် အတူတူ။ “နေရိပ် လာမှာကို နေပူက စောင့်စား။” မိုင်း။ တ။ ၁၉၃။

စောင့်စည်း - ကြုံ / စောင့်ဦး / ၁၊ ထိန်းသိမ်းသည်။ ချုပ်တည်းသည်။ “ကိုယ်စောင့်စည်းလျှက်၊ နှုတ်နည်းခွန်းပါး။” ကိုး* ၂၀၉။

၂၊ ကျေးဇူးသစ္စာကို ရှိသောလေးစားသည်။ “မောင်ကိုနုတ်သွင်၊ မှတ်စွဲထင်လျှက်၊ လေးဖင့်သိပ်သည်း၊ စောင့်စည်းတည်ကြည်….လျော်စွာလှပေ၊ ကျင့်မသွေသည်။” သုဇာ* ၃၀၁။

စောင့်ဆိုင်း - ကြီ / စောင့်ဆိုင်း / ရပ်နားမျှော်ငံ့သည်။ “စကားပြောရာတွင် မိမိအလှည့်ကို စောင့်ဆိုင်းခြင်း။” သင်နည်း။ ၂၇။

စောင့်ထိန်း - ကြီ / စောင့်ထိန်း / မကျိုးမပေါက် မပျက်မစီးရအောင် ကြည့်ရှု ကာကွယ်သည်။ ထိန်းသိမ်းသည်။ ချုပ်တည်းသည်။ “ငါပါးသီလနှင့် ရှစ်ပါးသီလတို့ကို စောင့်ထိန်းရာ၏။” သမိုင်း၊ ပ။ ၁၅၅။

စောင့်မျှော် - ကြီ / စောင့်မျှော် / ငံ့ဆိုင်းကြိုဆိုသည်။

စောင့်ရှောက် - ကြီ / စောင့်ယှောက် / ထိန်းသိမ်းကြည့်ရှုသည်။ “သူ့ကို သူနာ တိုက်များကို ပြုစု စောင့်ရှောက်ရန် အမှု။” လွတ်။ ၆။

စောင့်လင့် - ကြီ / စောင့်လင့် / တစုံတရာ၊ တဦးတယောက်၏ ပေါ်ပေါက်လာရောက်ခြင်းကို မျှော်ရှင့်စောင့်သည်။ “တရိစ္ဆာန်တို့ သွားရာလာရာသော ခရီးအကြား၌ မူဆိုးမိမ့်တို့သည် စောင့်လင့် သကဲ့သို့။” ကာယာ။ ၄၄။

စောင့်သိ - ကြီ / စောင့်သိ / ထိန်းသိမ်းသည်။ “ဘုရင့် သဓမ္မာကို မှုန်းကြီးမတ်ရာများ၊ မြို့စားရွာစားတို့က စောင့်သိ ကြရသည်။” လူမှု။ ၂၉။

စောင့်သုံး - ကြီ / စောင့်သုန်း / စောင့်ထိန်း - ကြီ၊ နှင့် အတူတူ။ “သဓမ္မာကောင်း၊ သတင်းစောင့်သုံး၊ နှလုံးဖြူဆွတ်။” ဟသ်* ၄၃။

ဆောက်တည် - ကြီ / ဆောက်တီ /

၁၊ တည်ငြိမ်ခိုင်ခံ့စွာ ထိန်းသိမ်းစောင့်ရှောက်ကျင့်သုံးသည်။ “သီတင်းမှန်ရည်၊ မြို့ဆောက်တည်လျက်။” ဘူလင်* ၂၂၈။

၂၊ စိတ်ကို တနေရာတွင် စုစိုက်ထားသည်။ “အတ္တသဘာဝကိုမီဟူသော်ကား မိမိကိုယ် စိတ်ကို ကောင်းစွာဆောက်တည်ခြင်းတည်း။” ကိံကုဏ်* ၄။

သီလစောင့် - ကြီ / သီလာ့စောင့် / ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ စသည်တို့ကို ဆောက်တည်သည်။

ထို့ကြောင့် သီလစောင့်တည်အသုံး မမှန်ပါ။

သီလဆောက်တည်၊ ဥပုသ်စောင့်သည် မှန်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ