Skip to main content

သိက္ခာ နှင့် လိပ်ပြာ

(အောင်သင်း)

ဒီလိုပါ

ကျနော်တို့ မိဘဆွေမျိုး ပတ်ဝန်းကျင်မှာ နွားနှင့်ဆက်စပ်သော လုပ်ငန်းမျိုး လုပ်ကိုင်ခဲ့လေ့ မရှိပါ။

ဂျပန်ခေတ် ရောက်တော့ ကျနော့် ဦးလေး တယောက်က ကုန်ကူးရာတွင် လယ်ဝေးမြို့ဘက်က နွားလှည်းတစီးကို ခေတ္တငှားပြီး ကိုယ်တိုင်မောင်း၍ ကုန်တွေ သယ်လာသည်။

ဤသို့အားဖြင့် ကျနော် နွားကျောင်းခဲ့ရသည်။ ကျနော့် အသက်က ဆယ်သုံးလေးနှစ် ခန့်။

မကြုံစဖူး အလုပ်ကို လုပ်ရသောကြောင့် ကျနော် အလွန်ပျော်သည်။ နွားကြီး နှစ်ကောင်ကိုလည်း အလွန်ချစ်သည်။ သေချာ နွားကျောင်းသည်။ ရေချိုးပေးသည်။ နှမ်းဖတ်များကို ရေစိမ်ပြီး နွားစာကို တယူတယ ကျွေးသည်။

ကျနော်တို့ မြို့၏ အရှေ့ဘက် တမိုင်ခန့်အကွာ ရိုးပြတ်လယ်များရှိရာ စမ်းချောင်းကလေး တခုလည်း ရှိသောနေရာဆီသို့ သွားပြီး နွားကျောင်းခဲ့ရသည်။

လှည်းလမ်းမကြီး ဘေးတွင် ကပ်လျက်ရှိသောကြောင့် လူသွားလူလာလည်း မပြတ်လှပါ။

ကျနော် နားဖို့ နေဖို့လည်း သရက်တောငယ် တခု ရှိသည်။ သရက်ပင် မများလှသော်လည်း သရက်ပင်ကြီးများမှာ ကြီးမား အိုမင်းလှပြီ ဖြစ်ပါသည်။ အရိပ်လည်း ကောင်းပါသည်။

ကျနော် အနှစ်သက်ဆုံးကတော့ လဲပြိုနေသည့် သရက်ပင်ကြီး တပင်၏ ပင်စည်ပေါ်တွင် ထိုင်လိုက်၊ တုံးလုံးကြီး လဲနေလိုက် နေရခြင်းပင် ဖြစ်သည်။

ထိုသရက်ပင်ကြီး ကလည်း လဲပင်လဲနေသော်လည်း ရေသောက်မြစ်ကြီးက မပြတ်သောကြောင့် တုံးလုံးကြီး လဲနေရင်း ကပင် အရွက်တွေ၊ အဖူးတွေ၊ သီးကင်းတွေနှင့် မြိုင်နေခြင်းမှာ အံ့သြစရာလည်းဖြစ်၊ ချစ်စရာလည်း ကောင်းနေသည်ကို ကျနော် ယခုတိုင် လှမ်းလှမ်းဆွတ်ဆွတ် သတိရနေမိပါသေးသည်။

ကျနော်လည်း သီးကင်းကလေးများထဲမှ စားလောက် သောက်လောက် ဆိုသလို ရင့်လာသော အသီးကလေးများကို ရှာဖွေဆွတ်စားပြီး စမ်းချောင်းကလေးထဲက ရေကို သွားပြီး သောက်လိုက် စသည်မှာ အလွန် ဇိမ်ကျလှသည်ဟု အောက်မေ့ မိပါသည်။

သစ်ပင်ကြီးက တုံးလုံးလဲနေသည်ဆိုတော့ အခြား အပင်တွေလို အမြင့်သို့ တက်နေရသည်မှ မဟုတ်ဘဲ၊ သူ့ပင်စည် အတိုင်း လျှောက်သွား ကိုင်းဖျားကလေးတွေကို လက်လှမ်းလိုက်လျှင် လှမ်းမီနေသည်ကိုး။

စားလောက် သောက်လောက်အောင် မရင့်သေးသည့် သီးကင်းကလေးများကို အလကားနေရင်း ခူးကာဆော့ကာ ကျနော် ဘယ်တော့မျှ မလုပ်ခဲ့မိပါ။

နောက်တော့ ကျနော် သတိထားမိလိုက်သည်။

ကျနော့်လိုပဲ အခြားသူများကလည်း အလကားနေရင်း ဖျက်လိုဖျက်ဆီး လုပ်ကြ၊ မလိုတမာ သီးကင်းများကို ခူးသွားကြ မလုပ်ကြပါကလားဟု အံ့ဩမိလာပါသည်။

တကယ်ဆိုလျှင် လှည်းလမ်းမကြီးဘေးတွင် ကပ်လျက်ရှိနေသည့်မို့ သူတို့လည်း မြင်ကြသားပဲ၊ ခူးချင်ရင် ခူးနိုင်ကြသည်ပဲ၊ ဘယ်သူမှ မလုပ်ကြ။

လူတွေဟာ စိတ်ကောင်းရှိကြသားပဲဟု ကလေးဘဝတွင် အမှတ်မထင်ကလေးတွေးပြီး ပီတိဖြစ်သလိုလို ဘာလိုလိုကလေး ခံစားလိုက်ရပါသည်။

နောင်အခါကျမှ တချို့လူတွေပြောသလောက်၊ မကျေနပ်သူတွေ ရေရွတ်ကြသလောက် လောကကြီးဟာ မဆိုးပါဘူး။ ထိုသရက်ပင်ကြီးကို ပြန်ပြန်ပြီး သတိရနေမိတတ်ပါသည်။

ယခုတလောမှာတော့ဖြင့် ပိုလို့ပင် သတိရနေမိတတ်ပါသည်။

တခြားကြောင့် မဟုတ်ပါ။

လူတွေအားလုံး စရိုက်ပျက်ကုန်ပြီ၊ စာရိတ္တ ပျက်စီးကုန်ကြပြီ၊ အကုန်လုံး မဟုတ်တာ လုပ်ကုန်ကြပြီ၊ မဟုတ်တာ လုပ်တဲ့ လူတွေသာ ကြီးပွားနိုင်တဲ့ ခေတ်ကြီး ဖြစ်နေပြီ။

ရိုးသားနေရင် ငတ်သေရုံရှိမယ် စသောစသော စကားမျိုးတွေကို ခဏခဏ ကြားနေရသည်။

လောကကြီးတခုလုံး လူဟူသမျှ အားလုံး ပျက်စီးနေသလောက် သိမ်းကျုံးပြီး ပြောနေသည်ကို ကြားလိုက်ရတိုင်း ထိုသရက်ပင်ကြီးကိုသာ သွားပြီး သတိရမိပါသည်။

မဟုတ်တမ်းတရား လုပ်ပြီး ကြီးပွားနေသူများကော မရှိဘူးလား၊ ရှိပါသည်။ တကယ်တော့ အဆန်းလည်း မဟုတ်ပါ။ ယခင့်ယခင်ကကော မရှိခဲ့ဘူးလား၊ ပြန်ပြီး စဉ်းစားကြည့်ပါ။

ခေတ်တိုင်းမှာ ရှိခဲ့သည်ပါပဲ။

သို့သော် ဘယ်လောက်များ ရှိခဲ့ပါသနည်း။ သေချာပြန်ပြီး သမာသမတ်ကျကျ စဉ်းစားကြည့်လိုက်လျှင် လူတွေ ပြောနေကြသလောက် မဟုတ်ကြောင်း တွေ့လာရပါလိမ့်မည်။

ကိုယ့်ရပ်ကွက်အတွင်း ကိုယ့်လမ်းအတွင်းတွင် ရှိလေသမျှ အိမ်ခြေ၊ လူဦးရေဟူသမျှကို သေချာစစ်ဆေးကြည့်ပါ။

တရွာလုံး၊ တရပ်လုံး၊ တလမ်းလုံးရှိ လူအားလုံး စရိုက်ပျက်နေကြပြီလား၊ စာရိတ္တ ပျက်နေကြပြီလား၊ အတော်အသင့် ချောင်ချောင်လည်လည် ကြီးပွားလာသူတိုင်းဟာ မဟုတ်တာလုပ်ကြလို့ချည်းပဲလား၊ သေချာ စဉ်းစားကြည့်
သင့်ပါသည်။

စင်စစ် တရားနှင့်အညီ လူ့ကျင့်ဝတ် လူသိက္ခာနှင့်အညီ ကြိုးစား ကြီးပွားလာနေသူများသည်လည်း တပုံကြီးရှိနေကြောင်းကို တွေ့ရမည် ဖြစ်ပါသည်။

သို့သော် လူ့သဘာဝ အရ မဟုတ်တမ်းတရား လုပ်ပြီး ကြီးပွားနေကြသူများကို မြင်ပြင်း ကတ်နေမိကြသောကြောင့် သူတို့ကိုသာလျှင် ကွက်မြင်ပြီး လူကောင်းသူကောင်းများကို အသိအမြင် လွတ်နေကြခြင်းသာ ဖြစ်သည်ဟု ကျနော် ဆိုလိုက်ချင်မိပါသည်။

ထို့ကဲ့သို့ မတော်လောဘသမားများကို မြင်ပြင်းကတ်ရင်း သူတို့ကိုသာ သတိထားမိနေသည် အထိ ဘာမျှ အရေးမကြီးပါ။

“မဟုတ်တာ လုပ်တဲ့သူတွေ ကြီးပွားနေသည်ကို ထောက်လျှင် ကြီးပွားချင်ရင် မဟုတ်တာလုပ်ရမည်” ဟူသော သဘောထားမျိုးကလေး ဝင်ရောက်လာလျှင်တော့ အရေးကြီးလာပါပြီ။ အတော့်ကို အရေးကြီးလာပါပြီ။

ထိုမှ တဆင့် မဟုတ်တာလုပ်ပြီး ကြီးပွားလာကြသော မဟုတ်တမ်းတရား ဉာဏ်နီဉာဏ်နက် အလွန် ထက်မြက်သော သူများကို အထင်ကြီး အားကျခြင်း ဖြစ်လာလျှင် မှုကား ကိုယ်တိုင် စာရိတ္တပျက်ဖို့ အသင့်အနေအထားသို့ ရောက်သွားပြီဟု ဆိုရပါတော့မည်။

ဤအချိန်တွင် တွန်းအားပေးလိုက်သော စကားပုံများကလည်း ရှိနေပါသေးသည်။

“အများမိုးခါးရေ သောက်လျှင် လိုက်သောက်” တဲ့၊ “အူမတောင့်မှ သီလ စောင့်နိုင်မည်” တဲ့။

ဤစကားပုံများကို မည်သို့ သုံးစွဲနေကြသနည်း။

သူတို့၏ မူလရင်းမြစ် အဓိပ္ပာယ်တွေကို ရှာမနေပါနှင့်။ ယနေ့လူများ မည်သို့ ခံယူသုံးစွဲနေကြသည်ကိုသာ ကြည့်လိုက်စေချင်ပါသည်။

မဟုတ်တာလုပ်သည့် ကိစ္စအတွက် ကိုယ့်ဘာသာ လိပ်ပြာလုံနိုင်အောင် အသုံးချနေကြသည်ကိုသာ တွေ့ကြရမည် ဖြစ်ပါသည်။

မဟုတ်တာလုပ်မိလျှင် လိပ်ပြာငယ်ရပါမည်။ လိပ်ပြာမလုံ ဖြစ်ရပါလိမ့်မည်။

လိပ်ပြာလုံအောင် ထိုစကားလုံးများနှင့် လိပ်ပြာကို ခြုံထားလိုက်ခြင်းသာ ဖြစ်နေပါလိမ့်မည်။ မကောင်းတာကို လုပ်နေသည်ကိုပင် လိပ်ပြာလုံသွားပြီ ဆိုတော့ စာရိတ္တပျက်ခြင်းတွင် ဆုံးခန်းတိုင်သွားပြီဟုသာ ဆိုကြရပါတော့မည်။

ကျနော် စိုးရိမ်သည်က “လူငယ်” တွေ။

လူငယ်တွေက အချို့အချို့သော (တကယ်ဆိုတော့ အနည်းငယ်မျှသော) လူကြီးတွေ၊ ထိုနှယ်ဤနှယ် လုပ်ပြီး ငွေကြေး ဩဇာ တန်ခိုးထွားနေသူများကို ကြည့်ပြီး အကုသိုလ်ကို အကုသိုလ်မှန်း မသိ၊ ရှက်ရမည်ကို ရှက်ရကောင်းမှန်း မသိ၊ လိပ်ပြာ မရှိသော လူငယ်တွေ ဖြစ်သွားမည်ကို စိုးရိမ်မိပါသည်။
လူငယ်တို့သည် အရေးဟဲ့ အကြောင်းဟဲ့ဆိုလျှင် ကျနော်တို့လို လူကြီးတွေထက် သတ္တိကောင်းသည်။ ဝံ့စားသည်။ ရဲရင့်သည်။

သို့သော် ထိုသို့သော “ကာယသတ္တိ” ထက် ပိုမို လေးနက်ခက်ခဲသော “စာရိတ္တသတ္တိ” ကိုလည်း သတိရသင့်သည်။ သတိရရုံမျှသာ မဟုတ်၊ စာရိတ္တသတ္တိ ခိုင်မာအောင်လည်း တည်ဆောက်သင့်သည်။

တံခါးဖွင့် စီးပွားရေးနှင့်အတူ ဒလဟော ဝင်ရောက်လာလိုက်သော အဝတ်အထည် ဟိုဟာဒီဟာ လူသုံးကုန်ပစ္စည်းများ ကလည်း လူငယ်တွေကို သွေးဆောင်ညှို့ငင်လျက် ရှိသည်။

သူများ ဝတ်တာမြင်တော့ ကိုယ်လည်း ဝတ်ချင်သည်။ သူများ စားတာမြင်တော့ ကိုယ်လည်း စားချင်သည်။

အရေးဟဲ့ အကြောင်းဟဲ့ ဆိုလိုက်လျှင် အသက်ကို စွန့်ဝံ့ကြသော လူငယ်တို့သည် ရုပ်ဝတ္ထု အသစ်တို့ကို မက်သောကြောင့် “အရှက်” ကို စွန့်ကြသည့် ဘဝကို သက်ဆင်းကြတော့မည်လော ဆိုတာမျိုးကို ကျနော် တွေးမိလာသည်။

တကယ်ဆိုတော့ “အရှက်ကြောင့် အသက်ကို စွန့်” ဟူသော စကားသာ ရှိသည် မဟုတ်လား။

ကိုယ့်ဂုဏ်သိက္ခာကို ထမင်းနှင့် လဲစားကြတော့မည်လော။ အဝတ်အစားနှင့်လဲပြီး ဝတ်ကြတော့မည်လော ဆိုတာမျိုး တွေကို စဉ်းစားကြရမည့် အချိန် ရောက်မှန်းမသိ ရောက်လာနေပြီ။

လူငယ်တွေက သူတို့ရဲ့ “လူငယ်ရွှေခေတ်” ကြီးကို ထူထောင်ချင်ကြသည်။ အိပ်မက်မက်ကြသည်။ သို့သော် စာရိတ္တ မခိုင်မာသော လူငယ်တွေ တိုးပွားလာလျှင်တော့ “ရွှေခေတ်” မဟုတ်ဘဲ “ရွှံ့ခေတ်” ကြီးသာ ဖြစ်လာပေလိမ့်မည်။

ကျနော် ထပ်ပြီး ပြောလိုက်ပါဦးမည်။

သိက္ခာနှင့် အညီ စာရိတ္တ သတ္တိ အပြည့်နှင့် ဂုဏ်ရှိရှိ နေထိုင် စားသောက်နေကြသည့် လူတွေ တပုံကြီး ရှိပါသည်။ လောကကြီးက တချို့လူတွေ ပြောနေကြသလောက် မဆိုးပါ။ မပျက်စီးသေးပါ။

ကျနော် ပြောခဲ့သည့် သရက်ပင်မျိုးတွေ ယခုလည်း ရှိပါလိမ့်ဦးမည်။

လောကကြီး မပျက်သေးပါ။

ကိုယ် အကျင့်ပျက်ချင်တာကြောင့် လောကကြီး ပျက်စီးနေပြီဟု ပြောတတ်သော လူတချို့၏ စကားကိုလည်း အထင်မကြီးသင့်ပါ။ ။

(စာရေး ဆရာကြီး အောင်သင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ဇွန်ပွင့် စာအုပ်တိုက်က ၂၀၀၈ ခုနှစ် မေလတွင် ထုတ်ဝေသော “ရှင်ဘုရင်ပါပဲ နှင့် ရွှေပြည်တန်သော ဆောင်းပါးများ” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)

The Irrawaddy Lifestyle ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ