Skip to main content

မြန်မာကလေးကဗျာ















တင်မိုး

၁

ကလေး သူငယ်တို့အဖို့ ရွံ့နှင့် လုပ်သော နွားရုပ်၊ ကျွဲရုပ်တို့သည် သူတို့အလွန် နှစ်သက်သော စကားစရာ ဖြစ်သကဲ့သို့ အက္ခရာနှင့် ဖန်တီးထားသော တေးကဗျာတို့သည်လည်း သူတို့ အလွန် နှစ်သက်သော စကားစရာတမျိုးပင် ဖြစ်ပေသည်။

ကလေးတို့၏ ကစားစရာတမျိုးဖြစ်သော တေးကဗျာတို့သည် မြန်မာနိုင်ငံ ရပ်တကာ၊ ရွာတကာတွင် လှည့်လည် ကျက်စားနေသည်မှာ မည်မျှကြာပြီ မှန်းမသိပါ။ သို့ရာတွင် ကျွန်တော်တို့ အဖိုး၊ အဖွားများနှင့် ကျွန်တော်တို့ လက်ထက်အထိ မြန်မာတေးကဗျာတို့သည် ကလေးတို့၏ အဖော်ကောင်း ဖြစ်နေပုံကိုကား ကောင်းကောင်း သိပါပေသည်။

ကလေးငယ်တို့ သီဆိုဖို့ မြန်မာတေးကဗျာ အတိုအထွာ ကလေးများကို ဖန်တီးခဲ့သော စာဆိုတို့မှာ ကလေးများကိုယ်တိုင်လည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ်လျှင်လည်း ကလေး ချစ်တတ်သော၊ ကလေး၏ သဘာဝကို သိမူတတ်သော၊ ကလေးတို့ကို အရိပ်ကြည့်နေတတ်သော ရပ်က၊ ရွာက စာဆိုတို့လည်း ဖြစ်နိုင်ပါသည်။

ကလေးသည် အကစား မက်ပါသည်။ အပျော်ကို နှစ်သက်ပါသည်။ စကားရင်း တေးဆိုရပါမှု သူတို့ အလွန် ကျေနပ်ပါသည်။ အများအားဖြင့် ရှေးခေတ်က ကလေးတို့ သိဆိုသော တေးတို့မှာ ကစားရင်း ပျော်ပျော်ရွှင်ရွှင် သိဆိုသော တေးများသာ များပါသည်။ မိမိတို့ ပတ်ဝန်းကျင်က အကြောင်းများကိုပင် တေးတို၊ တေးစလုပ်၍ သိဆိုကြသည်က များပါသည်။

ဤတွင် ကျွန်တော်တို့ ငယ်ငယ်တုန်းက သိဆိုခဲ့ဖူးသော တေးတိုတေးစများကို ဖော်ပြချင်ပါသည်။

ကလေးငယ်တို့ ဂျင်ပေါက်တမ်းကစားကြသောအခါ တေးကဗျာ ကာရန် တပိုင်း တစကို သိဆိုကြပါသည်။ သီချင်းနှင့် အဆိုနှင့် ဂျင်ပေါက်သောအခါ ဂျင်ပေါက်သူ ကလေးငယ်မှာလည်း မပျင်းကြားရ ကြည့်ရှုသူတို့လည်း မပျင်းတော့ပါ။ စုံစုံလင်လင် ဖြစ်လာတော့သည်။ ဂျင်ပွဲသည် မမြောက်ဘဲမနေတော့ပါ၊ ဝေဆာလာတော့သည်။

ကြိုးရစ် အပြီး ဂျင်ပေါက်ခါနီးတွင်

“ထန်းသီးမှုတ်-ဝုတ်” ဟု ဆိုဆို ပေါက်ပေါက် ပေါက်တတ်ပါသည်။ အချိန်အရပ်တွင်ကား တမျိုးဆိုပါသည်။

မြင်းခြံထနှောင်းကုန်းရွာဖက်တွင်ကား

“စောတင့်ရေ…

နင့်လင်ငါ မဟုတ်၊ တရုပ်ပုပ်

ဝုတ်” ဟု ဆိုကာ ပေါက်ပါသည်။

အကျီစားသန်ပုံ ရသော ကလေးတို့၏ တေးဟု ဆိုနိုင်ပါသည်။

သို့နှင့် ရွာရိုး တလျှောက် အက္ခာစားမျိုးစုံ ကစားရင်း လည်းမောင်းလာသည်ကို မြင်လျှင် လည်းမီးခိုလျက်

“လည်းမြီး အို-ကျီး-ကျို” ဟု ဆိုလိုက်ပါသည်။

ရေထဲတွင် ခဲချလိုက်သောအခါ

“မျက်စိမကန်း လက်မကန်း- ဗြန်း” ဟု ဆိုကာ ချလိုက်ပါသည်။

တခါတရံ သဲချောင်းတွင် ပက်လက်လှန်ရင်း

“ရေသူမရေ……. ခေါင်းဖြီးဟေ” ဟု ဆိုကာ ပျော်ခဲ့ကြပါသည်။

တခါတရံ ဝါပင်ကြီ ဝါပင်ကြား ပြေးလွှား ကစားလိုသော အခါ ဆင်ကြီး လိုက်ရှေ့၍ ပြေးဟုန်ပြလျက် “ဆင်တွေက ဝူးဝဲ ဝူးဝဲ

ဝါတွေက တပေါက်မှ မရှိ။”

“ဒီကျောက်ဆောင်ကြီးပေါ် နားလိုက်ပါအုံးမလေ” ဟု ဆိုကာ နားပါသည်။ ထိုအခါ ဆင်ကလိုက် ဝှေ့၍ နားနေရာက ထပြေးရပြန်ပါသည်။ အချို့တေးတို့ကား ကာရန် အဆက်အစပ်ရှိကောင်းမှုရှိပေမည်။ သို့သော် ဆို၍ ကောင်းသည်ပင်။

“ဆီမီးခွက် ပြောင်းပြန် ပိုးလုံးပက်လက်လန်” ဟု အော်ဟစ် သိဆိုရသော ကဗျာလည်း ရှိပါသေးသည်။ ယင်းကဗျာတွင် ကျိုးကြောင်းဆက်စပ်မှုပါရှိ ကလေးငယ်များ ဉာဏ်ပွားဖွယ်ဖြစ်ပါသည်။

“သည်ပေါင် ဘယ်သူ့ပေါင်

ကိုရင့်ပေါင်။

ကိုရင်ဘယ်သွား

ဆွမ်းခံသွား။

ဆွမ်းခံသွား ဘာပါ

ငါးကြော်ပါ။

(ကြွက်သား ဝက်သားပါ-ဟုလည်း ဆိုကြ၏)။

ငါးကြော် ဘယ်သွား

ကြောင်ချီသွား။

ကြောင် ဘယ်သွား

ငါးလုံးခေါင်းထဲဝင်သွား။

ငါးလုံး ဘယ်ရောက်

ရေမျှောပစ်။

ရေဘယ်ရောက်

တောထဲမြိုင်ထဲရောက်။”

(အားလုံး ထပြီလျှင် ဆီမီးခွက် ပြောင်းပြန် ဆိုကြပြန်သည်)။

မိုးရွှေလကြီး ထိန်ထိန်သာသော ရက်များတွင် ဆိုကြသောတေးကား ပြုံးစရာ ပျော်စရာ တေးတပုဒ် ဖြစ်ပါသည်။

“မိုးလမင်းကြီး ထိန်ထိန်သာ

ဖုန်းကြီး ဆွမ်းခံလာ။”

ရွှေသပိတ်ကြီး ဖြန်းဖြန်းကွဲ

ဖုန်းကြီး ကော်လိုဆဲ။

(အချို့က “ဖုန်းကြီးချော်လို့လဲ” ဟု ဆိုကြသည်)။

မဆဲပါနဲ့ ဖုန်းကြီးရယ်

ရွှေသပိတ်စား လျှော်ပါမယ်

နှင့်အလျော် ငါမကြိုက်

ယပ်တောင်ရိုးနဲ့ရိုက်”။

“ရွှေတံခါးကြီး ဖွင့်ပါအုံး” စကားရာတွင် သိဆိုသော တေးကား လွမ်းဖွယ်ကောင်းလှပါသည်။ တံခါးမှူးနှင့် လူအုပ် အပြန်အလှန် မေး ဖြေ ကြသော အသံမှာ အောက်မေ့ဖွယ်၊ သတိရဖွယ် ဖြစ်ပါလေသည်။

“ဟိုကောင်မလေး ဘယ်ကရပါတယ်

ထန်းပင် အောက်ကရပါတယ်။

ထန်းသီး သီးချိန်၊ တို့လူချိန်

တို့လူ ဘယ်ကရပါတယ်။

သရက်ပင် အောက်ကရပါတယ်

သရက်သီး သီးချိန်၊ တို့လူချိန်

တို့သမီး တို့သား ပျောက်ပါတယ်”။

ဤတေးကဗျာတို့ကား ကျွန်တော်တို့ ဘဝတွင် အရေးပါခဲ့သော တေးကဗျာများပင် ဖြစ်ပါသည်။

ထို့ပြင် ရိုးရာ စကားထာများသည်လည်း ကျွန်တော်တို့ ကလေးများ အဖို့ သိဆိုရာ တေးကဗျာ တမျိုးပင် မဟုတ်ပါလော။

“ခေါင်းမီးခြုံ လိုပါပေ၊

ဆံမြိတ်ချ လှပါပေ၊

ကျောက်တန်းစီ ညီပါပေ့” ဟူသော ပြောင်းဖူးဖွဲ့ စကားထာမှာ အလက်ကိုင်နိုင်သော စာဆိုကဗျာကြီးများပင် အံ့အားသင့်ရಸသော ကလေး ကဗျာ တပုဒ်ပင် ဖြစ်ပါသည်။

ဤသို့ဖြင့် ကျွန်တော်တို့သည် ကစားရာတွင် တေးကဗျာ၊ နားနားနေနေ စကားထာ၊ ဝှက်ကြရာတွင်လည်း တေးကဗျာတို့ကို အသုံးပြုခဲ့ကြပါသည်။ ကျွန်တော်တို့၏ စိတ်နှလုံးကို ပဲ့ကိုင်၍ ဩဇာပေးခဲ့ကြပါသည်။ ယင်းသို့ရပ် မြန်မာကလေး ကဗျာတို့မှာ မိဘ ဖိုးဖွားတို့က လက်ဆင့်ကမ်း အမွေပေးခဲ့ကြသော တေးကဗျာများပင် ဖြစ်သည်ဟု ဆိုရပါမည်။ ယင်းကဗျာတို့၊ ကဗျာစ ကလေးတို့ကား ရွှေတမျှ၊ ငွေတမျှ အဖိုးထိုက်လှပါသည်။ သူတို့သည် ကျွန်တော်တို့ ငယ်ဘဝ၏ မိတ်ကောင်း ဆွေကောင်းများ ဖြစ်ခဲ့ပါသည်။

ယင်း ကဗျာတို့ကို မည်သူ မည်ဝါ ဖွဲ့ဆိုသည်ဟု မှတ်တမ်း မရှိပါ။ ကျေးဇူးတင်ချင်လို ကျေးဇူးရှင် ရှာမရနိုင်ပါ။ ဖိုးသောကြာလား၊ မယ်ညှာလား တည်ခဲ့မှန်းမသိသော ရေချမ်းစင်ကလေးများပင် ဖြစ်ပါသည်။

၂

၂၀ ရာစုတွင်ကား မြန်မာကလေး သူငယ်တို့ ကံကောင်းဖို့ စာဆိုတဦး ပေါ်ပေါက် လာပါသည်။ ထိုစာဆိုမှာ မင်းသုဝဏ် ဖြစ်ကြောင်း အထူးပြောဖို မလိုပါ။ “နေသိ လသိ၊ အားလုံးသိ” ပင် ဖြစ်ပါသည်။

ဆရာ မင်းသုဝဏ်သည် ခေတ်သစ် မြန်မာ ကလေးကဗျာ လောက၏ ဖခင် ဖြစ်ပါသည်။ ဆရာသည် ရှေးက ရှိနှင့်ပြီးသော အလေ့အကျ ပေါက်နေသည့် တေးကဗျာတို့၏ နယ်နိမိတ်ကို ချဲ့ထွင်ပါတော့သည်။ ကျီဟောင်းတွင် စပါးသစ် လောင်းပါတော့သည်။

ယခင်က တေးကဗျာတို့မှာ ဘာသာဘာဝဆိုခဲ့ကြသော တေးများ ဖြစ်၍ ယခုအခါ ဘာသာဘာဝ ယင်းတေးတို့ကို ဆရာသည် အပင်သန်အောင်၊ အပွင့်လှအောင်၊ အသီးဖွံ့အောင် တမင် ပျိုးချပါသည်။

၁၉၃၁ ခုနှစ်က ဆရာသည် အကြောင်းအားလျော်စွာ တက္ကသိုလ်က ခွာ၊ ဇာတိရပ်ရွာ ဖြစ်သော ကွမ်းခြံကုန်းသို့ ချည်းပြီးလျှင် ကွမ်းခြံကုန်း အမျိုးသားကျောင်းမှာပင် ကျောင်းအုပ်ဆရာကြီး အဖြစ် တာဝန် ထမ်းဆောင်နေခဲ့ပါသည်။ ကျောင်းသင်ရိုးညွှန်းတမ်းထဲတွင် သူငယ်တန်းက

သတ္တမတန်းအထိ မြန်မာကဗျာ ဖြစ်စေ၊ အင်္ဂလိပ်ကဗျာ ဖြစ်စေ၊ နှစ်ခုစလုံးကိုဖြစ်စေ သင်ကြားပေးရန် ပါရှိသည်။ သို့ရာတွင် ကလေးများသင်ဖို့ တေးကဗျာဟူ၍ ဘာမျှ မည်မည်ရရ မရှိ။ ရှေးတေးဟောင်း ကလေးများကား ရှိပါ၏။ သင့် မသင့် လျော်မလျော် မပြောတက်။ ရာဇဝင်ဆရာကြီး ဦးဘသန်း ရေးသော သံချိုကိုပင် သင်ပေးမည်ဟု ကြံဖူးသေး၏။ သို့သော်လည်း ကလေးငယ်များနှင့် မလျော်လှ။ ထို့ကြောင့် ကလေး ကဗျာသစ် ကလေးများကို တီထွင် ဖွဲ့ဆိုပါတော့သည်။

သို့နှင့် ကလေးတို့ ကျောင်းဝင်ချိန်ဖြစ်သော ၁၉၃၁ ခု ဇွန်လ ၁၁ ရက်နေ့တွင် “ဝါဆို ဝါခေါင် ရေတွေကြီးလို့” အဆိုသော မောင်ခွေးတို့ ကဗျာတို့ကို ရေးပါသည်။ မောင်ခွေးတို့ ကဗျာများကို ၁၉၃၉ ခုနှစ်တွင် ဆရာ ဦးခင်ဇော်၏ ဂီတသင်္ကေတ၊ ဦးခင်ဇော်နှင့် ဂျီ၊ အိမ်ချ် လွတ်တို့၏ အင်္ဂလိပ် ဘာသာပြန်များ၊ ပန်းချီဆရာကြီး ဦးဘဉာဏ်၏ ရုပ်ပုံများဖြင့် ထုတ်ဝေခဲ့ပါသည်။ ၁၂၆၃ ခု၊ တပေါင်းလထုတ် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းမှာ ပုံနှိပ်စဉ်တုန်းကတော့ “မောင်ခွေးတို့” တဲ့။

မောင်ခွေးတို့ ကဗျာစာအုပ် မြန်မာကလေး သူငယ်လောကသို့ တင့်တင့်တယ်တယ် ရောက်လာသော အခါ စာရေးဆရာ မောင်ထင်က ဤသို့ ချီးကျူးပါသည်။

“ဦးဝန်သည် လောကကိုခင်မင်သူ ဖြစ်သည်။ လောက၏ သာယာခြင်းကို ခံစားတတ်သူ ဖြစ်သည်။ သို့ဖြစ်ရာကား ကလေးငယ်တို့ကို သူနှင့်တကွ တက္ကသိုလ် သဘာဝ၏ နှစ်လိုဖွယ်ရာတို့ကို ခံစားတတ်အောင် သွေးဆောင်နိုင်သူ ဖြစ်သည်။”

ထို့ပြင်လည်း မောင်ခွေးတို့ ကဗျာများ၏ အရသာကို မောင်ထင်က ဤသို့ ဖွင့်ပြပါသည်။

“ပုခက်လွှဲ” သီချင်းသည် ကလေးများအဖို့ ခေတ်စားမည့် သီချင်း ဖြစ်သည်။ “လူကလေး၏ အမှတ် အသား” ဟူသော သီချင်း၌ “ကြည့်ဖို့ လိုပါဘူး” ဟု ဆိုပြီးမှ “ဝူး…” ဟု အပြေးလိုက်သော အသံ ကလေးသည် ကလေးသဘာဝ ငေးသော အသံလေးနှင့် တူ၏။

ကလေးဆံသည်။ “ကြောင်ကလေးက ဗေဒင်တွက်လို့၊ ကြွက်ကလေးက ချောင်မှာခို” ဟူသော သီချင်းသွားသည်လည်း ကလေးတို့၏ ချွတ်ဆိုင်းပင် ဖြစ်သည်။ ပြတ်တောင်းပြတ်တောင်းနှင့် ဂိတသံနှင့်ပင်လျှင် ကြောင်ကလေးနှင့် ကြွက်ကလေးတို့ လိုက်တမ်းပြေးတမ်း ကစားဟန် သရုပ် ပေါ်လာသည်။ “စပါးကျီအို ကြိုအကြားကို၊ သွားပြီကွဲ့လေး” ဟူသော အလိုက်၌ “သွား” ဟူသော သီချင်းသံထဲတွင် ကြွက်ကလေး၏ ဝမ်းမြောက်ခြင်းဖြင့် ဝမ်းမြောက်သော အသံများ တပြုံတခင်းကြီး ပါသွားသည်။ “ပန်းသည်” ဟူသော သီချင်းမှာ လေအေးအေးဆို၍ မိခင်တို့ အကြိုက်များပေမည်။ “ပုခက်လွှဲ” သီချင်း၌ “ရည်းလေးလေ့ ရည်းလေးလေး” ဟူသော အလိုက်သည် “ဧလည်း ယဉ်ယဉ်ဧ” ဟူသော ရှေးရေး ဧချင်းသံတို့ကို ပဲ့တင်ထပ်စေသော အသံများ ဖြစ်သည်။ (၁၃၀၁ ခုနှစ် တပို့တွဲလ၊ ဂန္ဓလောက) ဆရာ၏ မောင်ခွေးတို့ ကဗျာများသည် မြန်မာ့လေ့ ထုံးတမ်းတို့ကို ချစ်တတ်၊ ခင်တတ်အောင် လမ်းခင်းပေးခဲ့ပါသည်။ မြန်မာ့ပတ်ဝန်းကျင်၊ မြန်မာ့ ရေမြေ တောတောင်၊ မြန်မာ့ အမှုအရာတို့ကို ချစ်တတ် ခင်တတ်အောင်၊ လေစားတတ် ရိုသေတတ်အောင်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတို့၏ အမှုအရာကို အောက်မေ့တတ်၊ လှမ်းတတ်အောင် သွေးလှုံ့ပေးခဲ့ပါသည်။ ဆရာသည် မြန်မာ့ရေမြေအကြောင်းကို နှလုံးသွေးနှင့် ရေးခဲ့သည်ဖြစ်ရာ သိဆိုရသူ ကလေးငယ် အပေါ်၌လည်း နှလုံးခိုက်အောင် ကြိုက်နှစ်သက်ခဲ့ကြပါတော့သည်။

လွတ်လပ်ရေး ခေတ်တွင်လည်း ဆရာသည် ကလေးများ အတွက် အဆက် မပြတ် စာဆိုခဲ့ပါသည်။ စာပေဗိမာန် မဂ္ဂဇင်းတွင် ဆရာသည် “ဆန်လုံးညို” “ရှဉ့်တိုင်းပြည်” “ပန်းနှင့် ပျား” စသော ကဗျာများကို ဖွဲ့ဆိုခဲ့ပါသည်။ ကလေးဂျာနယ်တွင်လည်း ဆရာ၏ ကလေးကဗျာများကို တွေ့နိုင် ပါသည်။

မြန်မာ ကလေး သူငယ်များ အပေါ်တွင် ဆရာ မင်းသုဝဏ် ပြုခဲ့သော ကောင်းမှုကား ကြီးလှပါတော့သည်။

မောင်ဖြူးသည် ကျောင်းဆရာကြီး၊ ခေတ်မီ ပညာရေး သုတေသီ ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။ ဆရာဖြူးသည် ကလေးကဗျာ ထွန်းကားရေးကို တသက်ပန် ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။

ဆရာဖြူးသည် ၁၉၄၁ ခုနှစ်လောက်က သားချော့ သီချင်းစာအုပ် တအုပ်ကို စီစဉ် ထုတ်ဝေခဲ့ပါသည်။ ကလေးချော့ဖို သက်သက် မဟုတ်ဘဲ ကလေးများကိုယ်တိုင် သိဆိုရမည့် တေးကဗျာများ ဖြစ်ပါသည်။ သူကိုယ်တိုင် ဖွဲ့သော ကဗျာများအပြင် အခြားကဗျာလေးများလည်းပါပါသည်။

“ဤ သီချင်းကလေးများကို အသံနေ၊ အသံထား ကောင်းကောင်းနှင့်သာ သီဆို၍ ပြလိုက်ရလျှင် ကြားရသူတို့သဉ် လူကြီး ဘဝမှ ကလေးတို့၏ လောကသို့ ပြန်လည်၍ သွားချင်စရာပင် ဖြစ်သည်” ဟု နုယဉ်က မှတ်ချက် ချပါသည်။

ဒေါက်တာ မောင်ဖြူး၏ အခြားဆောင်ရွက်မှုတခုမှာ အင်္ဂလိပ် ကလေးကဗျာများကို မြန်မာကဗျာသို့ ပြန်ဆိုခြင်းပင် ဖြစ်ပါသည်။ သို့နှင့်

“ခြစ်… ချက်… ခြစ်… ချက်… ချောက်” ၊

“ဒေါငါ… ဒင်… ဒေါင်… ရေတွင်းထဲမှာ ကြောင်”

“ပဲ… ပံ… သိုးမဲ… သိုးမွှေး ရှိပါစေ” စသော ကဗျာတို့ ပေါ်ပေါက်လာပါသည်။

ဆရာဖြူးကား ကလေးကဗျာကိစ္စကို မဆုတ်မနစ် အားထုတ်ခဲ့သူဖြစ်ရာ သူ၏ စေတနာနှင့် သူ၏ လုပ်ဆောင်မှုတို့မှာလည်း အထူးချီးကျူးထိုက်သော အမှုများပင် ဖြစ်ပါပေသည်။

ထို့နောက် မင်းယုဝေနှင့် ငွေတာရီတို့သည်လည်း ရံဖန်ရံခါ ကလေး ကဗျာများကို ဖွဲ့ဆိုတတ်ပါသည်။ “အပါရယ်… ကျွန်တော် ပျင်းလှချည့်”

“ဘကြီး နှုတ်ခမ်းမွှေး”

“ဗျိုင်းအိုနှင့် ထွေးညို” စသော ကဗျာများ ဖြစ်ပါသည်။

စာဆိုတို့သည် ကလေးတို့ အရေးကို ဂရုတစိုက် တွေးစပြုလာကြပါသည်။ ကလေးကဗျာအတွက် အချိန်ပေးဖော်ရလာကြပါသည်။ သို့ဖြင့် ဗန်းမော် ညိုနွဲ့၊ ဂုဏ်ဝင်း၊ ကြည်အေး စသော ကဗျာဆရာတို့သည် ကလေးများ သိဆို ကဗျာများကို အမြင်အမျိုးမျိုးက ကြည့်၍ အသွင်အမျိုးမျိုး ဖြင့် ဖွဲ့ဆိုကြပါသည်။ ဂုဏ်ဝင်း၏ တိရစ္ဆာန်ဥယျာဉ် ကဗျာများသည် ကလေးများ အထူး စိတ်ဝင်စားသော အကြောင်းရပ်ကို ဖွဲ့ဆိုထားခြင်းဖြစ်ပါသည်။ နှောင်းခေတ် ကလေးစာဆိုတို့သည် ဆရာမင်းသုဝဏ် ခင်းခဲ့သော လမ်းပေါ်တွင် ဆက်လက်လျှောက်ကြရင်း အကြောင်းရပ်စုံအောင် လက်စွမ်းပြကြပါတော့သည်။

ခေတ်သစ် ကလေး ကဗျာစုကား ထုနှင့် ထည်နှင့် ဖြစ်လာကာ တိုးပွားသည်ထက် တိုးပွားဆဲ ရှိပါသည်။ တဦးချင်းလည်း အားထုတ်ကြသည်။ အသင်းလိုက်၊ အဖွဲ့လိုက်လည်း အားထုတ်ကြသူများ ရှိလာပါသည်။ အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းက ၁၉၆၅ ခုနှစ်တွင် ဖိုးလမင်းကလေး ကဗျာစုကို စုပေါင်း ရေးသား ထုတ်ဝေခဲ့သည်ကို တွေ့ရပါသည်။ ကလေးများအတွက် လိုအပ်သော ဟာကွက်ကြီးကို တာဝန်သိသူ အပေါင်းက ဝိုင်းဝန်း ဖြည့်လေ့လောင်းခဲ့ကြပါသည်။

၃

ကလေး ကဗျာတွင် စကား တန်ဆာ၊ နားတန်ဆာ ဖြစ်အောင် အထူး ဂရုမပြု၍ ဖွဲ့ကြသည့် အနက် စကားတန်ဆာထက် နားတန်ဆာက ပို၍ အရေးကြီးဖွယ် ရှိပါသည်။ အဘယ့်ကြောင့် ဆိုသော် ကလေးတို့သည် ပတ်ဝန်း ထက် ရွတ်မှုကို ပို၍ နှစ်သက်တတ်သောကြောင့် ဖြစ်ပါသည်။ အောက်ပါ ကဗျာသည် ကလေးတို့ ရွတ်ဆိုရမည့် နှစ်သက်ဖွယ် ဖြစ်မည်ကို ဆင်ခြင် ကြည့်နိုင်ပါသည်။

ဝင်္ကပါ

အေးရိပ်သာတဲ့ ပြည်ညောင်ညို

ဥသြကွန်သံချို

ဒိုးယိုစိမ့်တဲ့ နဒီတွင်း

သမင် ရေသောက်ဆင်း

မြက်ခင်းလဲ့လဲ့ မြေညိုညို

ကံ့ကော်ဝတ်မှုန်စီ 

ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း

လူလေးသွားချင်စမ်း။

မင်းသုဝဏ်

ဤကဗျာတွင် အနက်၏ ကောင်းခြင်းကို အသံ၏ ကောင်းခြင်းက အထောက်အပံ့ ပေးလျက် ရှိပါသည်။ အေးချမ်းဆိတ်ငြိမ်သော ဝင်္ကပါစခန်းက ဇာလီပျော်သော ကျောင်းသင်္ခကလေး၏ ကြည်နူးစရာ အရသာကို ခံစားနိုင်ပါသည်။ ဝင်္ကပါ ကဗျာ၏ အသံစဉ်သည်ပင် အေးချမ်း တိတ် ဆိတ်မှုကို သရုပ်ဖော်လျက် ရှိပါသည်။

ကျွန်တော်တို့သည် ကလေး ကဗျာတွင် နားတန်ဆာ၏ အရေးကြီးပုံကို အထူး အလေးပြု၍ တင်ပြပါသည်။ အနက် မည်မျှ ကောင်းစေကာမူ အသံစဉ် ပြေပြစ် တင့်တယ်ခြင်း မရှိပါက ကလေးများ လွယ်လင့်တကူ နှစ်ခြိုက်နိုင်မည် မဟုတ်ပါ။ ကလေးများသည် အသံကို အထူးသိပါသည်။ အသံ၏ အကျိုးသက်ရောက်မှုကို သန္ဓေပါ ဉာဏ်ဖြင့် နားလည်ဘိသကဲ့သို့ ရှိပါသည်။ ကလေးကဗျာ စာဆိုတို့သည် ကလေးငယ်တို့ကို စမ်းသပ်ရွတ်ဆိုပြခြင်းဖြင့် ကဗျာကို ချောမွေ့အောင် ပြုပြင်နိုင်သည်ဟု ယူဆပါသည်။

ထိုမှတပါး အရေးကြီးသော အချက်တခုမှာ စကားတန်ဆာ ဖြစ်ပါသည်။ စကားသည် ကလေးတို့နှင့် အလှမ်းမဝေးသောစကား ဖြစ်ရန် အရေးကြီးပါသည်။ ကဗျာဆရာသည် ဘာသာစကား သုတေသီ မဟုတ်ပါ။ သို့ရာတွင် ကလေးတို့နှင့် သင့်မြတ်လျော်ကန်သော စကားရွေးချယ်မှုကို ပြုရန် ဖြစ်ပါသည်။

ကလေးသူငယ်တို့သည် သူတို့၏ အသိဉာဏ်နှင့် အံဝင်ခွင်ကျ ဖြစ်သော စကားတို့ကို သိပါသည်။ လူကြီးသိ မသိနိုင်သေးပါ။ လူကြီးတွေး မတွေးနိုင်သေးပါ။ ကလေးကဗျာ ဖွဲ့ဆိုအံ့သော စာဆိုသည် ကလေး သူငယ်တို့ထံမှ နားချက်စိုကို ငှားရမည့်မှာ သေချာပါသည်။ ကလေးသူငယ်တို့ထံမှ သင်ယူ ရမည့်မှာ အမှန်ဖြစ်ပါသည်။ ဤအချက်ကို အလေးထားရပါသည်။ ကဗျာ ဆရာသည် လောဘဇောကို ဇက်သတ်ထားရပါသည်။ မိမိတို့က ပေးနိုင်သော အတိုင်းအရှည်ထက် ကလေးငယ်က ယူနိုင်သော အတိုင်းအရှည်ကို အလေးထားရပါသည်။ အလေးမထားလျှင် ကလေးတို့၏ ခံတွင်းမြိန်နိုင်ဖွယ် မရှိပါ။ ကောင်းကားကောင်းပါ၏။ သို့သော် မြိုမချနိုင်ပါ။

ကျွန်တော်တို့သည် ကလေးကဗျာ ရေးဖွဲ့ရာ၌ ရည်ရွယ်ချက်များ ကြီးမားစွာ ထားရှိကြပါသည်။ ထိုရည်ရွယ်ချက်များမှာ

၁။ အမျိုးသား ယဉ်ကျေးမှုကို သိသာလည်စေရန်။

၂။ ကလေး သူငယ်များ၏ စာရိတ္တ ကောင်းမွန်မှုကို ပျိုးထောင်ပေးရန်။

၃။ အတွေး အခေါ် ဖွံ့ဖြိုးထက်သန်လာစေရန်။

၄။ သိပ္ပံပညာ ဗဟုသုတကို လွယ်လွယ်ကူကူ ရရှိစေရန်။

၅။ အလှအပကို မြတ်နိုးတတ် ခံစားတတ်စေ့၍ သိမ်းမွေ ယဉ်ကျေးလာစေရန်။

၆။ ပညာ သင်ကြားရာ၌ အခက်အခဲ မရှိစေပဲ အထောက်အကူ ဖြစ်စေရန်။

၇။ တိုင်းရင်းသားချင်း သိသာလည်ရေး၊ ချစ်ကြည်ရေးကို ဆောင်ရွက်ရန်။

၈။ အလုပ်၏ ဂုဏ်ကို သိမြင်စေရန်။

၉။ ကိုယ့် နိုင်ငံကို ချစ်မြတ်နိုးစေရန်။ စသော အချက်တို့ ဖြစ်ပါသည်။

ထိုရည်ရွယ်ချက် တို့သည် ကောင်းပါပေသည်။ မှန်မြတ်ပါပေသည်။ ထိုရည်ရွယ်ချက်အတိုင်း ပေါက်မြောက်စေရန်လည်း ကလေးကဗျာဖွဲ့သူတိုင်း ကြိုးစား အားထုတ်ကြပါသည်။

သို့ရာတွင် ကျွန်တော်တို့သည် အတိုင်းအရှည်ကို သိအောင် အားထုတ်ကြရပါဦးမည်။ ကလေးတို့အား ကျွန်တော်တို့ ပေးချင်သလောက် မပေးမိရန် သတိပြုရပါဦးမည်။ သို့မဟုတ် ကျွန်တော်တို့ ရည်ရွယ်ချက်များကို ပေးရာ၌ ဝန်နှင့် အား၊ မြားနှင့် လေး ကိုက်ညီအောင်၊ ထိမိရောက်ရောက် ရှိအောင် ကြိုးစားသုက်ရပါဦးမည်။

ကလေး ကဗျာ ဖွဲ့ရသည်မှာ တာဝန် ကြီးလှပါသည်။ ကဗျာဆရာတို့သည် မိမိတို့၏ ပရိတ်သတ် ဖြစ်သော ကလေးငယ်တို့ အပေါ်၌ စောင့်စည်းရခြင်း၊ ငဲ့ရခြင်းတို့ များလှပါသည်။ သို့ရာတွင် ထိုသို့သော တာဝန်များကို မလွဲမသွေ ထမ်းဆောင်ရမည့်သာ ဖြစ်ပါသည်။

၄

ယခု အခါတွင် ကလေးကဗျာများ ပြန့်ပွားနေပြီ။ စာအုပ် စာတန်းများလည်း ထွက်ပေါ်လျက်ရှိဖြင့် ပို၍ ပွံ့ပွားနေပြီ။ ရှေးအခါကကဲ့သို့၍ နှုတ်ဖြင့် ဆင့်ကမ်းသော စနစ်မျှသာ မဟုတ်တော့ပြီ။ ကလေးကို ဂရုစိုက်သော မိဘတို့သည်လည်း ကလေး ကဗျာများကို ဂရုစိုက် သင်ပေး ရကောင်းမှန်း သိလာကြပြီ။

စာပေဗိမာန်ကဲ့သို့သော ဌာနကြီးကလည်း “တိရစ္ဆာန် ဥပယဉ်ကဗျာများ”၊ “အရုဏ်ဦး ကဗျာများ” ကဲ့သို့ အုပ်စုံစုံ၊ အရောင်လှလှ၊ အဆင်အပြင် ကောင်းကောင်းဖြင့် ကလေးများ မက်မောလောက်အောင် ထုတ်ဝေ ပေးခဲ့သည်မှာ ဝမ်းသာဖွယ် ဖြစ်ပါသည်။ ထိုတူ ဆရာအတတ်သင် ကျောင်းများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများတို့တွင်လည်း ကလေးကဗျာများကို ဂရုစိုက် သင်ကြားပေးနေကြသည်မှာ အနာဂတ်အတွက် ဝမ်းသာဖွယ်ရာ ဖြစ်ပါသည်။

မြန်မာ့ အသံကလည်း ကလေးများအတွက် တေးကဗျာများ လွှင့်ထုတ်ပေးမည်ဆိုလျှင် အလွန် သင့်မြတ်လျော်ကန် လိမ့်မည်ဟု ထင်ပါသည်။ လူကြီးများဆိုဖို့ချည်း မစဉ်းစားပဲ ကလေးများဆိုဖို့ပါ စဉ်းစားပေးမည်ဆိုပါလျှင် ကလေးတို့ကို သန့်သန့်ရှင်းရှင်း ကြီးပြင်းလာအောင် ကူညီထောက်မရာ ရောက်လာလိမ့်မည်။

ယင်းသို့ ကလေး ကဗျာ ပြန့်ပွားအောင် ဖြန့်ဖြူးရာ၌ ဂီတနှင့် ရုပ်ရှင် ဖက်ကလည်း တတပ်တအား ပါဝင် ကူညီနိုင်ပါသေးသည်။

ကလေးများကို ပြုစုပျိုးထောင်ခြင်းသည် အနာဂတ်ကို ပျိုးထောင်ခြင်းပင် ဖြစ်ပါသည်။ ကြာရိုး ကြာစွယ်ကို ကြည့်ခြင်းအားဖြင့် ရေတိမ်ရေနက်ကို သိနိုင်သကဲ့သို့ ယနေ့ ကလေးများ၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်၏ အလားအလာကို ခန့်မှန်းနိုင်ပါသည်။ ထို့ကြောင့် ကလေးများ၏ အရေးကို ရှေ့တန်းထား၍ စဉ်းစားသင့်ပါသည်။ ကလေးများကို စနစ်တကျ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းခွင့်ရအောင် အဖက်ဖက်က ကူညီဖို့ လိုပါသည်။ များသောအားဖြင့် လူကြီးတို့သည် မိမိတို့ အရေးကိစ္စကိုသာ စီမံကြ၊ စဉ်းစားကြပါသည်။ ကလေးများဖို့ ပါခဲပါသည်။ ကလေးတို့၏ အရေးသည်လည်း လူကြီးများ၏ အရေးကဲ့သို့ အရေးပါသည် သာဖြစ်သည်ဟု သဘောပေါက် ဂရုစိုက်ကြလျှင် ကျွန်တော်တို့ နိုင်ငံ၏ အလားအလာသည် ကောင်းမွန်လာမှာ မချွတ်ဖြစ်ပါတော့သည်။

ထို့ပြင် ကျွန်တော် တင်ပြလိုသော အခြားအချက်မှာ ပြည်ထောင်စု ကျေးလက် တေးကဗျာများထဲက ကလေးများဆိုဖို့ ကောင်းသော တေးကဗျာများ အကြောင်းပင် ဖြစ်ပါသည်။

ထားဝယ် အရပ်တွင် သိဆိုလေ့ ရှိသော ဒိန်းသီချင်းများသည် အဖိုးတန် မြန်မာ့ ကလေးကဗျာများပင် ဖြစ်ပါသည်။ အများသူငါ သိကြပြီး ဖြစ်သော

“မိုးမဝါဘဲ ကြာလေပြီ

မိုးကီး လေကီး လာလေပြီ” ဟူသော ဒိန်းသီချင်း ကလေးမှာ ရိုးရိုး လွယ်လွယ်နှင့် တကယ် ပျော်ဖွယ်ကောင်းသော တေးဖြစ်ပါသည်။ ယင်း ဒိန်းသီချင်းမှာ မိမိတို့၏ ရပ်စိတ်ရွာစိတ်ကို နှိုးဆော်ပေးရာ ရောက်ပါသည်။ ဆရာကြီး ရွှေဝယ်ဧ စုဆောင်းထားသော ထားဝယ်ဒိန်းသီချင်းများကို စာပေဗိမာန် မဂ္ဂဇင်းများတွင်၎င်း၊ ငွေတာရီ စသော အခြား မဂ္ဂဇင်းများတွင်၎င်း ဖတ်ရှုရူပါသည်။ အလွန် နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသော တေး သီချင်းများပင် ဖြစ်ပါသည်။ ထားဝယ်ဒိန်းသီချင်းများကို စာတအုပ် ပေတဖွဲ့ ရိုက်နှိပ် ထုတ်ဝေကြမည်ဆိုလျှင် ကျွန်တော်တို့ ကလေးငယ်များ အကျိုးများပေမည်။

ထားဝယ် ဒိန်းတွင် မကသေး၊ ရခိုင် တေးသီချင်းများသည်လည်း နှစ်သက်ဖွယ် ကောင်းလှပါသည်။ ရခိုင်တွင် “ယိုင်းသာသီချင်း” ဟု ခေါ်သော ပုခက်လွှဲသီချင်းများမှာ ကလေးများ အဖို့ ရတနာများပင် မဟုတ်ပါလော။ အောက်ပါ “မိညိုစစ်ချီ ပုခက်လွှဲ” သီချင်းသည် သားငယ်အား ရဲရင့် စိတ်ကို မွေးပေးရာ မရောက်ပါလေစ။ ရှုပါဦး။

မိညိုစစ်ချီ ပုခက်လွှဲ

သားလှမယေ၊ မောင်ချေ။

ပုခက်ယေမှာ၊ အိပ်ပါလင့်လေ။

မောင်ယေ ဖခင်၊ စစ်ကို ဆင်ပျာ။

တန်းကားရုံးရုံး၊ မြင့်သေလလာလေ။

ရိုးတောင်ကြီးမှာ၊ စစ်မီးစစ်ဆင်။

ရွှေတခွင်ကို၊ မီးလျှင် တိုက်မေ။

လာလီရေလေ၊ သားယေလူလှ။

ပုခက်ယေမှာ၊ အိပ်မွမ်းကျလေ။

သားလှယေ-စု-ဝေ-ဝေ။

စုဝေ-ဝေ-စု-စု-ဝေ။

ရခိုင် တေးသီချင်းများကိုကား စာတအုပ် ပေတဖွဲ့ စုဆောင်းပြီး ရှိနေပါပြီ။ ရခိုင် ဆရာတော် ဦးစက္ကန္တ စုဆောင်းတင်ပြဖြင့် အများဖတ်ရ မှတ်ရ သိဆိုရပါသည်။

တောင်ရိုး ဓနု ကျေးလက် တေးသံများထဲက “သားကျူးတေး” များသည်လည်း ကလေးငယ်များ နှစ်ခြိုက်ပျော်ရွှင်ကြမည့် တေးများ ဖြစ်ပါသည်။ အောက်ပါ ကဗျာတေးသည် တိရစ္ဆာန်များ၏ အမှုအရာကို ဖွဲ့ဆိုထားသော တောင်ရိုး ဓနုတေးတပုဒ် ဖြစ်ပါသည်။

အလာခွင်မှာ ထမန်းစား

ကျေးကန်း ကျေးကန်း

စပါး လန်း။

စိန်စာ စိန်စာ

စပါး ပလာ။

ကလွဲငက် ကလွဲငက်

ထမန်း ခလက်။

ပဲ့လက် ငက်ကြား

အလယ်ခွင်မှာ ထမန်းစား။

ဤကဗျာကို ဆိုရလျှင် ကလေးတို့ အလွန် ပျော်ပေမည်. ကျေးကန်းသည် စပါးလှန်းလျက်၊ စိန်စာ (စာကလေး) သည် စပါးပြာလျက်။ ဆက်ရက်တမျိုးဖြစ်သော ကျွဲငှက်က ထမင်းချက်လျက်။ ပေါက်လက်ဟု ခေါ်သော ထယ်ထိုး ထားပြီး မြေကွက်တို့ ငှက်ကျားများသည် အလယ်ကောင်မှာ ထိုင်၍ ထမင်းစားနေသည်ဟူသတတ်။

ဤအဖိုုးတန် တေးသီချင်းများသည်လည်း တောင်ရိုး ဓနုကျောင်းသူ ကျောင်းသားများ၏ ကျေးဇူးကြောင့် စာအုပ်အဖြစ် ရောက်ရှိခဲ့ရာ ဝမ်းမြောက်ဖွယ်၊ ကျေးဇူးတင်ဖွယ် ကောင်းပေသည်။

ထားဝယ်၊ ရခိုင်၊ တောင်ရိုးဓနု စသော တိုင်းရင်းသားတို့၏ ရိုးရာ သားချော့တေးများသည် ကျွန်တော်တို့အဖို့ အဖိုးမဖြတ်နိုင်သော ပြည်ထောင်စု အမွေအနှစ်တခု ဖြစ်ပါသည်။

ကျွန်တော်တို့ နှောင်းလူများသည် ရှိနှင့်ပြီးသော၊ ကြွယ်ဝပြီးသော ပြည်ထောင်စု သားချော့ ကလေး ကဗျာ အမွေ အနှစ်ကို ဆက်ခံကြလိမ့်မည်။ အမွေအနှစ်ကို တူးဖော်စားသုံးနိုင်ကြလိမ့်မည်။ ယင်း အမွေအနှစ်ကို အခြေခံ၍ ကျွန်တော်တို့သည် အသစ်အလွင် ဖြစ်သော တေးကဗျာတို့ကို ဖန်တီး ဖွဲ့ဆိုရန် တာဝန် ရှိပါသည်။

ယင်းသို့ ဖန်တီးလျှင် အမျိုးသားယဉ်ကျေးမှု၊ အမျိုးသား အသွင်အပြင် ပါသော သားချော့ တေးကဗျာသစ်များ ထွက်ပေါ်လာမည့်မှာ မချွတ် ဖြစ်ပါသည်။ ရေးသူ၊ ဖွဲ့သူ စာဆိုတို့ ဖက်ကလည်း တာဝန်သိသိဖြင့် ကလေးတို့အတွက် ကြိုးစား ဖန်တီးသည့် နည်းတူ၊ မိဘများ၊ ဆရာသမားများ၊ သက်ဆိုင်ရာ ပညာပေးဌာနများကလည်း တာဝန်သိဖြင့် ကလေးများ၏ လက်ထဲရောက်အောင် ပို့ပေးရပါမည်။

ဤသို့ နှစ်ဦး နှစ်ဖက် ဝိုင်းဝန်း၍ ကြိုးပမ်းကြလျှင် မြန်မာကလေးကဗျာသည် ပိုမိုထွန်းကား၍ ကျွန်တော်တို့ ကလေးသူငယ်များ ပိုမိုကောင်းဖို ရှိပါသည်။

အတိတ်က ကျွန်တော်တို့၏ အမွေ အနှစ်ကောင်းများ ရှိခဲ့သည်။ ပစ္စုပ္ပန်မှာ စာဆိုတို့သည် အမွေသစ်ကို ဖန်တီးနေကြဆဲ ရှိသည်။ ဤအခြေ အနေကို မြင်ရသည်မှာ အားတက်ဖွယ် ဖြစ်ပါသည်။ ယင်းသို့ အတိတ်နှင့် ပစ္စုပ္ပန်တို့ကို ကြည့်၍ ကျွန်တော်တို့၏ အနာဂတ်သည် အလှ ကောင်းမည်ဟု အတတ်ဟောနိုင်ပါတည်း။

(ကူးယူတင်ပြချက်မှာ လွဲချော်တာပါရှိပါက ကျွန်တော့တာဝန် ဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ